Print

Osteoarthritis ( အရိုးကျီးပေါင်းရောဂါ )

  16-Aug-2018
Preview Image

Osteoarthritis ဆိုသည်မှာ အဆစ်များ ပတ်ပတ်လည်တွင် ပျက်စီးလာခြင်းကြောင့် တောင့်တင်းလာကာ အရိုးအဆစ်များ နာကျင်လာခြင်းကို ခေါ်သည်။ ဒူးခေါင်း၊ ခါးနှင့် လက်ဆစ်များတွင် အဖြစ်များသည်။


လက္ခဏာများ

Osteoarthritis ၏  လက္ခဏာများသည် အမြဲတမ်းပြလေ့မရှိဘဲ လှုပ်ရှားမှုနှင့်ရာသီဥတုပေါ်မူတည်၍ အဆစ်များ နာကျင်ခြင်းနှင့် တောင့်တင်းခြင်းများ ဖြစ်တတ်သည်။ ဆိုးရွားလာလျှင်မူ အမြဲတမ်းဖြစ်လာကာ အခြားလက္ခဏာများ ဖြစ်သော

-      မလှုပ်ရှားချိန်တွင်ပင် နာကျင်တောင့်တင်းလာခြင်း

-      အဆစ်များ အနည်းငယ် ရောင်လာခြင်း

-      အဆစ်များမှ တဖျောက်ဖျောက်မြည်သံ ကြားရခြင်း

-      အဆစ်များ လှုပ်ရှားနိုင်မှုပမာဏ နည်းသွားခြင်း

-      ကြွက်သားများ အားလျော့လာကာ သေးသွားခြင်းတို့ ဖြစ်တတ်သည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

Osteoarthritis ဖြစ်ပွားရသောအကြောင်းရင်းကို သေချာမသိရှိကြပေ။ ပုံမှန်အားဖြင့် အဆစ်များသည် ပျက်စီးလေ့ရှိသော်လည်း ခန္ဓာသဘာဝအရ ပြန်လည်၍ ပြင်ဆင်ပေးနိုင်သည်။Osteoarthritis တွင်မူ ပြန်လည်ပြင်ပေးနိုင်စွမ်းငှာ မစွမ်းသာသောကြောင့် အဆစ်တွင်ရှိသော အရွတ်များ ပျက်စီးလာကာ နောက်ဆုံးတွင် အဆစ်များ နီရဲရောင်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။


ဖြစ်နိုင်ချေများသူများ

. အဆစ်ကို ထိခိုက်ဒဏ်ရာရဖူးခြင်း

. သွေးလေးဖက်နာ၊ ဂေါက်ရောဂါများရှိခြင်း

. အသက်အရွယ် ကြီးရင့်လာခြင်း

. မိဘမျိုးရိုးတွင် အရိုးကျီးပေါင်းရောဂါရှိသူများ

. အဝလွန်သူများတွင် ဖြစ်နိုင်ခြေ ပိုများသည်။


နောက်ဆက်တွဲပြဿနာများ

Osteoarthritis သည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ဆိုးလာနိုင်ကာ အဆစ်နာခြင်းနှင့် တောင့်တင်းခြင်းများသည် နေ့တဓူဝလုပ်ငန်းဆောင်တာများကိုပင် မလုပ်ဆောင်နိုင်သည်အထိ ဆိုးရွားလာနိုင်သည်။


ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

Osteoarthritis သည် မကုသဘဲထားပါက ဆိုးရွားလာနိုင်သည့်အတွက် လက္ခဏာများ စတင်ခံစားရသည်နှင့် ဆရာဝန်ထံ သွားရောက်ပြသသင့်သည်။


စစ်ဆေးမှုများ

Osteoarthritis အား သိရှိနိုင်ရန် တိကျသော စစ်ဆေးမှုများ မရှိသည့်အတွက် လူနာအား ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများဖြင့်သာ ရောဂါကို တွေ့ရှိနိုင်သည်။


ကုသခြင်း

အရိုးကျီးပေါင်းရောဂါသည် ပျောက်ကင်းအောင် ကုသ၍ မရနိုင်သော်လည်း လူနေမှုဘဝပုံစံပြောင်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာကုထုံးများ၊ ဆေးဝါးများနှင့် ခွဲစိတ်မှုများဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။ ကိုယ်လက်လေ့ကျင့်ခန်းများလုပ်ခြင်းနှင့် ပုံမှန်ကိုယ်အလေးချိန်ရအောင် ထိန်းထားခြင်းသည် အရိုးကျီးပေါင်းရောဂါအား ကုသရာတွင် များစွာအထောက်အကူပြုသည်။

ထို့ပြင် ဆေးဝါးများဖြစ်သော အကိုက်အခဲပျောက်ဆေးများ၊ NSAID များနှင့် စိတ်ကျရောဂါတွင်သုံးသောဆေးကိုလည်း နာကျင်မှုသက်သာစေရန် အသုံးပြုသည်။ ဆေးဝါးများဖြင့် မသက်သာပါက နာကျင်နေသော အဆစ်နေရာကို စတီးရွိုက်ဆေးများ ထိုးခြင်း၊ အဆစ်များ လှုပ်ရှားရာတွင် ချောမွေ့မှု ရှိစေရန် Lubricant ( အဆီများ ) ထိုးခြင်း၊ ပျက်စီးနေသောအရိုးများကို ဖြတ်တောက်ခြင်း၊ အဆစ်များ အစားထိုးကုသခြင်းတို့ဖြင့် ကုသနိုင်သည်။ တရုတ်အပ်စိုက်ကုထုံများ၊ ထောပတ်သီးနှင့် ပဲနို့စသော အစားအစာများဖြင့်လည်း အရိုးကျီးပေါင်းရောဂါ သက်သာစေနိုင်ကြောင်း တွေ့ရှိရသည်။


ကာကွယ်ခြင်း

အရိုးကျီးပေါင်းရောဂါ မဖြစ်စေရန် အရိုးအဆစ်များကို ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးခြင်း၊ ကြွက်သားများ သန်မာလာစေရန် စက်ဘီးစီးခြင်း၊ လမ်းအမြန်လျှောက်ခြင်းတို့ကို ၁ ပတ်လျှင် ၂ နာရီခွဲကြာ ပြုလုပ်ပေးခြင်း၊ အဝလွန်နေလျှင် ကိုယ်အလေးချိန်လျှော့ချခြင်းတို့ကို လုပ်ဆောင်သင့်သည်။

 

Paing

Ref: Mayo clinic

 

 



Related Articles


Advertisment 18